#eHealth
#Architecture
အရင်အပတ်တွေက eHealth Model တွေအကြောင်းကို အကြမ်းဖျဉ်းရေးခဲ့ပါတယ်။ ကျန်တဲ့ model တွေကို ဆက်မရေးတော့ပါဘူး။ အားလုံးပဲ မိမိတို့ စိတ်ဝင်စားရင် ရှာဖတ်နိုင်ပါတယ်။ ဒါမှမဟုတ် ကျွန်တော့်ထံ email ပို့ပြီး ဆက်သွယ်နိုင်ပါတယ်။အခု ဆက်ပြီးရေးသားချင်တာက eHealth Architecture တွေပဲဖြစ်ပါတယ်။ Architecture တွေအကြောင်းကို မပြောခင် ဘာကြောင့် Architecture တွေက အရေးကြီးသလဲ ဆိုတာလေးရှင်းပြချင်ပါတယ်။
• Architecture တွေကို ရေးဆွဲထားခြင်းအားဖြင့် eHealth လုပ်ငန်းတွေကိုစတင်ဆောင်ရွက်တဲ့အခါမှာ သုံးစွဲသူများအချင်းချင်း မိမိတို့ရဲ့ ဘုံသဘောတူညီတဲ့ အလုပ်တွေကို ပူးပေါင်းဆောင်ရွက်မှုရရှိနိုင်သလို မတူညီတဲ့အမြင်အမျိုးမျိုးကိုလည်း ရရှိနိုင်ပြီး စုပေါင်းစဉ်းစားထားတဲ့ နည်းပညာတွေ ပေါ်ထွက်လာနိုင်ပါတယ်။
• ehelth လုပ်ငန်းစဉ်များဟာ သုံးစွဲသူတွေရဲ့ လိုအပ်ချက်နှင့်ကိုက်ညီပြီး သုံးစွဲသူတွေရင်ဆိုင်နေရတဲ့ အခက်အခဲတွေကိုလည်း ဖြေရှင်းနိုင်ဖို့ အခွင့်အလမ်းပိုများပါတယ်။
• သတင်းအချက်အလက်နှင့်ဆက်သွယ်ရေးဆိုင်ရာနည်းပညာနှင့်ပတ်သက်သော ဗျူဟာမြောက် စီမံကိန်းများဟာလည်း စီးပွားရေးဆိုင်ရာဗျူဟာများနှင့် ကိုက်ညီပြီး ICT ဖွံ့ဖြိုးတိုးတက်မှုအတွက်လည်း ဉီးဆောင်မှုနှင့် အမျော်အမြင်တို့ ပိုမိုအားကောင်းစေနိုင်ပါတယ်။
• ထို့အတူ ehealth လုပ်ငန်းစဉ်များ ဖွံ့ဖြိုးတိုးတက်မှုနှင့် ရေရှည်ခိုင်မာမှုအတွက် အရေးကြီးတဲ့ စံစနစ်တစ်ခုကိုလည်း တည်ထောင်နိုင်ပါတယ်။
• ထို့အတူ သတင်းအချက်အလက်နှင့်ဆက်သွယ်ရေးဆိုင်ရာနည်းပညာဆိုင်ရာ မူဝါဒများဟာ eHealth လုပ်ငန်းစဉ်နှင့် လိုက်ဖက်ညီပါလိမ့်မယ်။
• eHealth ဆိုင်ရာ တီထွင်ကြံဆခြင်းများ၊ ဝန်ဆောင်မှုဆိုင်ရာ ဖြန့်ဝေခြင်းများအတွက်လည်း အထောက်အပံ့ဖြစ်စေနိုင်ပါလိမ့်မယ်။
• မိမိတို့တည်ဆောက်လိုတဲ့ စံနမူနာပြု Architecture တစ်ခုကို တည်ဆောက်ထားမှသာ နည်းပညာဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုများအတွက် မိမိတို့ရဲ့ လက်ရှိ သတင်းအချက်အလက်နှင့်ဆက်သွယ်ရေးဆိုင်ရာ နည်းပညာရပ်ဝန်းနှင့် လိုက်ဖက်ညီပြီး ဖွံ့ဖြိုးတိုးတက်မှုနှင့် စီမံခန့်ခွဲမှုများအတွက်လည်း ဉီးဆောင်နိုင်မည်ဖြစ်ပြီး ကောင်းမွန်သော အုပ်ချုပ်မှုဆိုင်ရာအရည်အသွေးကိုလည်း ရရှိနိုင်မှာ ဖြစ်ပါတယ်။
• သတင်းအချက်အလက်နှင့်ဆက်သွယ်ရေးဆိုင်ရာ အသုံးချနည်းပညာများကို တည်ဆောက်ရာတွင်သော်လည်းကောင်း၊အကောင်အထည်ဖော်ရာတွင်သော်လည်းကောင်း၊စံနမူနာများချမှတ်ရာတွင်သော်လည်းကောင်း၊နည်းစနစ်များကျင့်သုံးရာတွင်လည်းကောင်း နည်းပညာတစ်ခုနှင့်တစ်ခု ကူးလူးဆက်ဆံချိတ်ဆက်ရာတွင် အဆင်ပြေချောမွေ့စေမည်ဖြစ်ပါသည်။
စံစနစ် eHealth Architecture တွေမှာ ဆိုရင် အနည်းဆုံးအားဖြင့် အလွှာ သုံးလွှာပါလေ့ရှိပါတယ်။
ပထမအလွှာဆိုတာ သုံးစွဲသူများအတွက် အဓိက ဉီးတည်ထားတဲ့ နည်းပညာများဖြစ်ပါတယ်။ အဲ့ဒီမှာဆိုရင် ဆေးရုံများရဲ့ သတင်းအချက်အလက်များ၊ ပြင်ပဆေးကုခန်းများရဲ့ သတင်းအချက်အလက်များ၊ဓာတ်မှန်ဆိုင်ရာ သတင်းအချက်အလက်များနှင့် ဓာတ်ခွဲဆိုင်ရာ သတင်းအချက်အလက်များ ကိုဖြန့်ဝေပေးအပ်နိုင်တဲ့ သုံးစွဲသူများအသုံးပြုနိုင်တဲ့ နည်းပညာဆိုင်ရာအထောက်အပံ့များ နှင့် သတင်းအချက်အလက်များ သိုလှောင်သိမ်းဆည်းသည့် နည်းစနစ်တို့ပါဝင်ပါတယ်။
ဒုတိယအလွှာဆိုတာ ehealth system ရဲ့ အဓိကပင်မ အစိတ်အပိုင်းများဖြစ်ပါတယ်။ သူ့မှာတော့ နိုင်ငံသားများရဲ့ ကျန်းမာရေးသတင်းအချက်များနှင့်သက်ဆိုင်တဲ့ Portal တွေနှင့် နည်းပညာဖြင့်စီမံဆောင်ရွက်သော ကျန်းမာရေးဆိုင်ရာ ဝန်ဆောင်မှုတွေပါဝင်ပါတယ်။ ဒီ့အပြင် EHR အီလက်ထရောနစ်အသုံးပြု လူနာမှတ်တမ်းစနစ်များ၊ ဆေးစာရေးသားပေးခြင်းများ၊ ကြိုတင်စာရင်းပေးခြင်းလုပ်ငန်းများနှင့် ငွေတောင်းခံလ္ွှာများလည်းပါဝင်ပါတယ်။ နောက်တစ်ခုကတော့ ehealth system ထဲမှာပါဝင်နေတဲ့ စနစ်အားလုံးကို ပူးပေါင်းပေးတဲ့ ပူးပေါင်းဆောင်ရွက်ခြင်းဆိုင်ရာ Integrative platform လည်းပါဝင်ပါတယ်။
တတိယအလွှာဆိုတာ နိုင်ငံလုံးဆိုင်ရာ အီလက်ထရောနစ်အုပ်ချုပ်ရေးစနစ်နှင့်ပတ်သက်တဲ့ကိစ္စဖြစ်ပါတယ်။ သူ့မှာတော့ နိုင်ငံတစ်နိုင်ငံရဲ့ လိုအပ်တဲ့ အခြေခံအဆောက်အဉီတွေ ပါဝင်ပါတယ်။ ထို့အတူ နိုင်ငံသားမှတ်ပုံတင်လိုမျိုး အီလက်ထရောနစ်မှတ်တမ်းစနစ်တွေ၊ နိုင်ငံလုံးဆိုင်ရာ သတင်းအချက်အလက်တွေ အပြင် ကျန်းမာရေးဆိုင်ရာ မှတ်တမ်းမှတ်ရာစာရင်းဇယားတွေ( လူနာမှတ်တမ်းရာဇဝင်များ၊ ကျန်းမာရေးဝန်ဆောင်မှုပေးသူများရဲ့ မှတ်တမ်းရာဇဝင်များနှင့် ကျန်းမာရေးဆိုင်ရာအဆောက်အဦ စာရင်းဇယားမှတ်တမ်းများ) ပါဝင်ပါတယ်။
ဆက်လက်ပြီး အရှေ့တောင်အာရှနိုင်ငံအချို့ရဲ့ eHealth Architecture များနှင့် အနောက်နိုင်ငံအချို့ရဲ့ eHealth Architecture များကို အချိန်ရရင် ရေးသားပါမယ်။
Discover more from naywinaung
Subscribe to get the latest posts sent to your email.