naywinaung blog,eHealth eHealth   (Five Cs Model)

eHealth   (Five Cs Model)

eHealth
Five Cs Model
ဖွံဖြိုးဆဲနိုင်ငံတော်တော်များများမှာ ehealth ကိုစတင်အကောင်အထည်ဖော်ကြတဲ့အခါFive Cs Model ဟာ အလွန်ရေပန်းစားပါတယ်။
5Cs ဆိုတာကတော့
၁။ Context
ဖွံ့ဖြိုးဆဲနိုင်ငံများအနေနှင့် သတင်းအချက်အလက်နှင့်ဆက်သွယ်ရေးဆိုင်ရာနည်းပညာ အတွက် အခြေခံအဆောက်အဉီများ ပြည့်စုံလုံလောက်မှုမရှိကြပါဘူး။ ဒီလိုအခြေအနေမျိုးမှာ မိမိတို့တည်ဆောက်ချင်တဲ့ ehealth အတွက် အသင့်တော်ဆုံးသော နည်းပညာရပ်ဝန်းကို ရွေးချယ်ရပါလိမ့်မယ်။ ကျေးလက်ဒေသများကို များများနှင့်မြန်မြန်ထိရောက်မဲ့ အသင့်တော်ဆုံးသော ဆက်သွယ်ရေးဆိုင်ရာနည်းပညာကို ရွေးချယ်ရပါမယ်။ ထို့အတူ ကုန်ကျစာရိတ်အလွန်ကြီးမားတဲ့ နည်းပညာဆိုင်ရာ အဆောက်အဦကြီးများကို တည်ထောင်ဖို့ထက် တစ်ဦးခြင်းစီအတွက် အကုန်အကျသက်သာပြီး အသုံးဝင်နိုင်မဲ့ ဆက်သွယ်ရေးနည်းလမ်းကို အသုံးပြုရပါမယ်။
၂။ Content
မိမိတို့အစိုးရအဖွဲ့အစည်းကနေ ဖြန့်ချိမဲ့ အသုံးဝင် ၊အသုံးချ နည်းပညာများ နှင့် ကျန်းမာရေးဆိုင်ရာ ဗဟုသုတ အသိပညာများကို အခြေခံကျန်းမာရေးဝန်ထမ်းများနှင့်ပြည်သူလူထုထံကို မည်သို့လျှင်မြန်စွာပို့ဆောင်မလဲဆိုတာ စဉ်းစားရသကဲ့သို့ မိမိတို့ရဲ့ အခြေခံကျန်းမာရေးဝန်ထမ်းတွေ အလွယ်တကူ အသုံးပြုနိုင်မဲ့ အမျိုးအစားမျိုးကို ရွေးချယ်နိုင်ရပါမယ်။
၃။ Connectivity
ဖွံ့ဖြိုးဆဲနိုင်ငံတော်တော်များများမှာရှိတဲ့ ဆေးရုံတော်တော်များများမှာ ကွန်ပြူတာ၊ဒေတာစင်တာ၊ဒေတာဆာဗာ ၊ဖိုင်ဘာအင်တာနက်ဆက်ကြောင်း စသည်ဖြင့် သတင်းအချက်အလက်နှင့်ဆက်သွယ်ရေးဆိုင်ရာနည်းပညာနှင့်ပတ်သက်သော အခြေခံအဆောက်အဦတော်တော်များများလည်းမရှိကြပါဘူး။ဒီလိုအခြေအနေမျိုးမှာ အလွယ်တကူ ရွေ့လျားသယ်ဆောင်လို့ရပြီး အသုံးပြုရလွယ်ကူတဲ့ ဝိုင်ယာလက်နည်းပညာအသုံးပြု PDA များ၊Mobile tablets များ၊ Portable computers များဟာ မဖြစ်မနေရွေးချယ်ရမဲ့ ဆက်သွယ်ရေးဆိုင်ရာ နည်းလမ်းဖြစ်ပါတယ်။
၄။ Capacity
ဖွ့ံဖြိုးဆဲနိုင်ငံတော်တော်များများရင်ဆိုင်နေရတဲ့ပြဿနာတစ်ခုကတော့ ကျန်းမာရေးစောင့်ရှောက်မှုပေးသူ(ဆရာဝန်၊သူနာပြု)တွေ ပြည်ပနိုင်ငံတော်တော်များများကို ထွက်ခွာသွားတာပါပဲ။ ဒီလိုအခြေအနေမျိုးမှာ ပြည်တွင်းမှာရှိတဲ့ ရှိရင်းစွဲဝန်ထမ်းများကို စွမ်းရည်တိုးမြှင့်ပေးဖို့လိုအပ်လာပါတယ်။လျှင်လျှင်မြန်မြန်ဆောင်ရွက်ဖို့လိုအပ်လာပါတယ်။နောက်တစ်ခုကတော့ ဌာနတာဝန်ကျဝန်ထမ်းတွေ တခြားနေရာတွေကို သွားရောက်ဖို့မလိုဘဲ ပညာရပ်တွေကို လေ့လာဆည်းပူးနိုင်ဖို့ဖြစ်ပါတယ်။
၅။ Community
ကျန်းမာရေးစောင့်ရှောက်မှုကို ကျန်းမာရေးစောင့်ရှောက်မှုပေးသူ ပညာရှင်(ဆရာဝန်၊သူနာပြု၊အခြေခံဝန်ထမ်း) တွေ အင်အားနည်းပါးစွာနှင့် အလုပ်တာဝန်မျာပြားစွာ ဆောင်ရွက်နေရတာကို ဖြေရှင်းနိုင်ဖို့ အခြားနည်းလမ်းကတော့ ပြည်သူတွေကိုယ်တိုင် ကျန်းမာရေးအသိပညာ ပြည်စုံလုံလောက်နေဖို့ဖြစ်ပါတယ်။ ထို့အတူ ပြည်သူလူထုနှင့်အကျွမ်းတဝင်ဆက်စပ်ပတ်သက်နေရတဲ့ အခြေခံကျန်းမာရေးဝန်ထမ်းများအနေနှင့်လည်း နိုင်ငံတကာစံနုန်းများ၊ပြည်တွင်းစံနုန်းများနှင့် ကိုက်ညီတဲ့ ကျန်းမာရေးဆိုင်ရာဗဟုသုတတွေကို ပြည်သူလူထုထံ အချိန်နှင့်တပြည်းညီ ဖြန့်ဝေပို့ချနိုင်ဖို့လိုလာပါတယ်။
ကျွန်တော်တို့ မြန်မာနိုင်ငံလို ဖွံ့ဖြိုးဆဲနိုင်ငံအနေနှင့် 5Cs model ဟာ အသင့်တော်ဆုံးနည်းလမ်းဖြစ်ပါတယ်။

#M.Zawisza_Business_Model
ehealth နှင့်ပတ်သက်တဲ့ model တွေကို ရှေ့ပိုင်းမှာ ရှင်းပြခဲ့ပါတယ်။ အခုရေးသားမဲ့ business model ကတော့ နိုင်ငံတကာ ကုမ္ပဏီတော်တော်များများမှာ အသုံးများတဲ့ Enterprise Model တစ်ခုပဲဖြစ်ပါတယ်။ ဒီModel မှာတော့ အစိတ်အပိုင်း ကိုးခုပါဝင်ပါတယ်။
အဲ့ဒါတွေကတော့
၁။ Key Partners ( မိတ်ဖက်အဖွဲ့အစည်းများ)
၂။ Key Activities ( ပင်မလုပ်ငန်းဆောင်ရွက်မှုများ)
၃။ Key Resources ( ပင်မအရင်းအမြစ်များ)
၄။ Value Proposition(တန်ဖိုး)
၅။ Relationships (ဆက်စပ်ပတ်သက်မှု)
၆။ Channels ( ထိရောက်မှုလမ်းကြောင်း)
၇။ Segment (မိမိတို့ ထောက်ပ့ံပေးအပ်လိုတဲ့ ပင်မအဖွဲ့အစည်း)
၈။ Cost ( ကုန်ကျစာရိတ်)
၉။ Revenue (ပင်မအထောက်အပံ့)
၁။ Key Partners (မိတ်ဖက်အဖွဲ့အစည်းများ)
အစိုးရအဖွဲ့အစည်း(အထူးအဖြင့် ကျန်းမာရေးဝန်ကြီးဌာန) အနေဖြင့် အဓိက မိတ်ဖက်အဖွဲ့အစည်းများဆိုရာတွင် ပြည်သူလူထု၊အစိုးရဌာနများနှင့် INGOs,NGOs များပါဝင်ပါတယ်။ မိမိတို့ ပင်မအဖွဲ့အစည်းနှင့်အတူ အခြားသော အဖွဲ့အစည်းများရဲ့ ရည်ရွယ်ချက်၊စွမ်းဆောင်ရည်၊လိုအပ်ချက်စသည်ဖြင့် စဉ်းစားသတ်မှတ်ရပါတယ်။ ထို့အတူ နိုင်ငံရေးဆိုင်ရာ အယူအဆ၊လိုအပ်ချက်၊မျော်မှန်းချက်များ နှင့် နည်းပညာဆိုင်ရာ အဖွဲ့အစည်းများရဲ့ လိုအပ်ချက် အစရှိသဖြင့် မိတ်ဖက်အဖွဲ့အစည်းအားလုံးအတွက် စဉ်းစားရပါမယ်။
၂။ Key Activities
နိုင်ငံတစ်နိုင်ငံရဲ့ ehealth system ကို စတင်တည်ထောင်တော့မယ်ဆိုရင် မိမိတို့အဖွဲ့အစည်းအတွက်လိုအပ်မဲ့ ကုန်ကြမ်းပစ္စည်းများ ဝယ္်ယူခြင်း၊ အခြေခံအဆောက်အဦများတည်ဆောက်ခြင်း၊ စာချုပ်များချုပ်ဆိုခြင်း၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း အစရှိသဖြင့် အားလုံးပါဝင်ပါတယ်။
၃။ Key Resource
ehealth system ရဲ့ မူလရင်းမြစ်တွေကတော့ လူသားရင်းမြစ်၊ငွေကြေးရင်းမြစ်နှင့် နည်းပညာရင်းမြစ်တွေ များစွာ ပါဝင်ပါတယ်။ လူသားရင်းမြစ်ဆိုတဲ့နေရာမှာ ehealth system ဆိုတဲ့နေရာမှာ health Informatics ဆိုတဲ့ ကျန်းမာရေးသတင်းအချက်အလက်ဆိုင်ရာ ပညာရှင်တွေ၊ computer scientists ဆိုတဲ့ ကွန်ပြူတာကျွမ်းကျင် ပညာရှင်တွေ၊ Human Resource Managers ဆိုတဲ့ စီမံခန့်ခွဲမှုပညာရှင်တွေသာမက Health Management Specialists ဆိုတဲ့ ကျန်းမာရေးစနစ်စီမံခန့်ခွဲမှုပညာရှင်တွေ လိုအပ်ပါတယ်။ ဆိုလိုတာက ehealth system တစ်ခုကို အကောင်အထည်ဖော်တဲ့အခါ ဆရာဝန်တွေချည်းပဲ တည်ဆောက်လို့ မရပါဘူး။
၄။ Value Proposition
ဒီနေရာမှာတော့ မိမိတို့တည်ဆောက်ချင်တဲ့ ehealth system အတွက် ပင်မ အသုံးချ တန်ဖိုးတွေကို စဉ်းစားကြတဲ့အခါ ဘယ်လို infra structure တွေကို တည်ဆောက်ဖို့လိုပါသလဲဆိုတာ စဉ်းစားရပါမယ်။ ဉပမာ အားဖြင့် mHealth နည်းနှင့် စနစ်ကို မြှင့်တင်ချင်ရင် mobile devices တွေကို ဖြန့်ဝေရပါမယ်။ ဒါဟာ Infrastructure ဖြစ်ပါတယ်။ နောက်တစ်ခုကတော့ ehealth services တွေကို တိကျတဲ့မူဘောင်တွေချမှတ်ပြီး ဖြန့်ဝေရပါမယ်။ပြည်သူလူထုကို ဘယ်လို services တွေပေးမလဲ။ health service providers တွေကို ဘယ်လို services တွေပေးမလဲဆိုတာ တိတိကျကျ သတ်မှတ်ထားရပါမယ်။ နောက်ဆုံးအရေးအကြီးဆုံးကတော့ information security ဖြစ်ပါတယ်။ မိမိတို့ရဲ့ ehealth စနစ်တွင်းမှာ ပါဝင်တဲ့ service providers တွေရဲ့ သတင်းအချက်အလက်များသာမက patients တွေရဲ့ သတင်းအချက်အလက်တွေကိုပါ လုံခြုံစိတ်ချအောင်စီမံထားရှိရပါမယ်။
၅။ Relationships
မိမိတို့ရဲ့ ehealth system အတွင်း segments တွေနှင့် system အကြား အသိပညာဖလှယ်ပြီး တည်ဆောက်ထားထားနိုင်ဖို့အတွက် seminars များ workshops များပြုလုပ်ရပါမယ်။ ဒီအပြင် training များ ပြုလုပ်ပေးရပါမယ်။
၆။ Channels
ဒ္ီနေရာမှာတော့ မိမိတို့ရဲ့ ehealth system နှင့် အသုံးပြုမဲ့ targeted segments များအကြား နည်းပညာတွေကို ရောက်ရှိ အသုံးပြုနိုင်ရန်အတွက် web services များ logistics မျာ ထောက်ပံ့ပေးအပ်ရပါမယ်။ကူးလူးဆက်ဆံနိုင်ဖို့အတွက် လမ်းကြောင်းများကို တည်ဆောက်ဖော်ဆောင်ပေးရပါမယ်။
၇။ Cost
အရင်းအနှီး သို့မဟုတ် ငွေကြေးကိစ္စများအတွက် လည်း စဉ်းစားဆောင်ရွက်ရပါမယ်။ehealth system တစ်ခု အောင်မြင်အောင်ဆောင်ရွက်ဖို့အတွက်ဆိုရင် initial investment အလွန်များပြားပါတယ်။ data center များတည်ဆောက်ခြင်း Fiber internet များတည်ဆောက်ခြင်း အစရှိသဖြင့် database structure တွေက အလွန်တန်ဖိုးကြီးမားကြပါတယ်။ ထို့အတူ နည်းပညာဆိုင်ရာ အကြံပေးများ ဌားရမ်းခြင်း၊ မွေးမြူခြင်းအတွက်လည်း ကုန်ကျစာရိတ်ရှိပါတယ်။
၈။ Revenue
ehealth System အတွက် ပင်မအထောက်အပံ့များကတော့ Management ဆိုတဲ့ စီမံခန့်ခွဲမှု၊ leadership ဆိုတဲ့ ခေါင်းဆောင်နိုင်မှုမှသည် Innovation ဆိုတဲ့ တီထွင်ကြံဆမှုများ၊telemedicine ဆိုတဲ့ အဝေးရောက်ဆေးဝါးကုသခြင်းဆိုင်ရာ နည်းလမ်းများလည်း ပါဝင်ပါတယ်။ မနေ့က ပြောထားတဲ့ Lily Model မှာပါဝင်တဲ့ essential components အားလုံးလည်း အကျူံးဝင်ပါတယ်။
၉။ Customer Segments
နောက်ဆုံးကတော့ မိမိတို့ ရည်ရွယ်ထားတဲ့ အသုံးပြု အသုံးချမဲ့ ဉီးတည်အုပ်စုက ဘာလဲဆိုတာ ရှင်းရှင်းလင်းလင်း သိရှိဖို့ လိုပါတယ်။ ehealth system ရဲ့ ဦးတည်အုပ်စုကတော့ ဆရာဝန်တွေ၊လူနာတွေ၊ ဆေးရုံအုပ်တွေနှင့် ကျန်းမာရေးစနစ် စီမံခန့်ခွဲသူတွေဖြစ်ပါတယ်။
နိဂုံးချုပ်အနေနှင့် ရှင်းလင်းတင်ပြချင်တာကတော့ modern ehealth system ဆိုတာ လေပေါ်အရုပ်ရေးတဲ့ကိစ္စလို ရော့ အင့်ဆိုပြီး လွယ်လွယ်တည်ဆောက်လို့ရတဲ့ကိစ္စမဟုတ်ပါဘူး။ တာဝန်ယူတာဝန်ခံမဲ့ team တစ်ခု Organization တစ်ခုကို ဖွဲ့စည်းရမှာဖြစ်သလို ခိုင်မာတဲ့ Policy တွေ rule and regulation တွေလည်း ရှိရမှာ ဖြစ်ပါတယ်။ehealth ရဲ့ ပင်မအသက်ဟာ vision မဟုတ်ပါဘူး mission and process management ဖြစ်ပါတယ်။

#Lily_Model
ehealthရဲ့ ကနဦးခေါင်းဆောင်တွေထဲက တစ်ဦးအပါအဝင်ဖြစ်တဲ့ Norman က ehealth ဆိုတာ ဘာလဲလို့ရှင်းပြတဲ့အခါမှာ Lily model ကို အသုံးပြုခဲ့ပါတယ်။
အဲ့ဒီ Lily Model မှာ အဓိက ပွင့်ချပ်ခြောက်ခု သို့မဟုတ် essential components ခြောက်ခုပါဝင်ပါတယ်။
အဲ့ဒါတွေကတော့
၁။ traditional literacy သို့မဟုတ် အရင်းခံအသိပညာ ဖြစ်ပါတယ်။
ပုံမှန်အားဖြင့် ရေးသားထားသမျှစာတွေကို သိရှိနားလည်သဘောပေါက်အောင် ဖတ်ရှူနိုင်ခြင်းကို traditional literacy လို့ခေါ်ဆိုပါတယ်။ဆိုလိုတာက ကျွန်တော်တို့ နေ့စဉ်ရွတ်ဆိုနေကြတဲ့ ပါဠိစာသားနဲ့ရေးထားတဲ့ ပဌာန်းဒေသနာကို ကျွန်တော်တို့ နားမလည် သဘောမပေါက်ဘဲ ရွတ်ဆိုနေမိရင် ကျွန်တော်တို့မှာ အမှန်စင်စစ် traditional literacy မရှိပါဘူး။ အဲ့ဒါကို ပါဠိနဲ့ပါတ်သက်တဲ့ traditional literacy မရှိဘူးလို့ ဆိုလိုပါတယ်။ ehealth မှာလည်း digital writing တွေကို သာမာန်အားဖြင့် ရေးနိုင်ဖတ်နိုင်တဲ့ အဆင့်တစ်ခုလိုပါတယ်။
၂။ Media Literacy သို့မဟုတ် ကူးလူးဆက်ဆံရေးဆိုင်ရာ အသိပညာဗဟုသုတ
ehealth ကို စတင်အကောင်အထည် ဖော်မယ်ဆိုရင် ပြည်သူလူထုအနေနှင့် ကူးလူးဆက်ဆံရေးဆိုင်ရာ သတင်းအချက်အလက်များကို လက်ခံရရှိနိုင်ရပါမယ်၊ ဆင်ခြင်သုံးသပ်နိုင်ရပါမယ်၊မိမိတို့အတွေးအမြင်ဗဟုသုတတွေကိုလည်း ပြန်လည်ဖွင့်ဟ တင်ပြနိုင်ရပါမယ်။ ဒီနေရာမှာ သတိချပ်စရာတစ်ခုကတော့ ကူးလူးဆက်သွယ်ဆောင်ရွက်တဲ့အခါမှာ အင်တာနက်သာမကဘဲ မည်သည့်ကြားခံမှမဆို ဆက်သွယ်ဆောင်ရွက်ခြင်းကိုလည်း ဆိုလိုပါတယ်။
၃။Information Literacy သို့မဟုတ် သတင်းအချက်အလက်ဆိုင်ရာ အသိပညာဗဟုသုတ
information Literacy ဆိုတာ သတင်းအချက်အလက်များကို မူလရင်းမြစ်ကဘယ်ကလာသလဲ၊ ဘာကို ရည်ရွယ်သလဲ ဆိုတာကနေ သတင်းအချက်အလက်တွေကို ဘယ်လိုလက်ခံရယူမလဲ၊ ဘယ်လိုဖြန့်ဝေမလဲဆိုတဲ့ အသိပညာရပ်အားလုံး ခြုံငုံပါဝင်ပါတယ်။face book လေးဖွင့်ပြီး ဟိုလျောက်အော်ဒီလျောက်အော် တဲ့အဆင့်မှဆင့် မိမိတို့ လက်ခံရရှိတဲ့ သတင်းရင်းမြစ်ဟာ ဘယ်ကလာသလဲ၊ မိမိတို့လိုချင်တဲ့ သတင်းအချက်အလက်တွေကို မြန်မြန်ဆန်ဆန် တိတိကျကျနှင့် ရှာဖွေနိုင်သလဲဆိုတာ မျိုးကို ဆိုလိုချင်ပါတယ်။
၄။Health Literacy သိုမဟုတ် ကျန်းမာရေးဆိုင်ရာ အသိပညာဗဟုသုတ ကြွယ်ဝမှု
ဒီနေရာမှာ ရှင်းပြချင်တာတစ်ခုရှိပါတယ်။ နဂိုက ကျန်းမာရေးဌာနတော်တော်များများနှင့် နိုင်ငံတော်တော်များများမှာ Health Education ဆိုတဲ့စကားရပ်ကို တွင်ကျယ်စွာ အသုံးပြုပြီး လုပ်ငန်းစဉ်များ ချမှတ် အကောင်အထည် ဖော်ခဲ့ကြပါတယ်။ သို့သော်လည်း ပေးကားပေး၏ မရ ဆိုတဲ့စကားရပ်လိုပါပဲ health education တွေ ဘယ်လောက်ပဲ ပေးနေပါစေ ပြည်သူလူထုရဲ့အခြေခံ ရေမြေအရ ကျန်းမာရေး အသိပညာရေချိန်ကတော့ နိမ့်ပါးနေပါတယ်။ ဒါကြောင့် နောက်ပိုင်းမှာ health Literacy Promotion Unit ဆိုပြီး ဌာနများကို ဖွဲ့စည်းပြီး ဘက်ပေါင်းစုံကနေ ချည်းကပ်ပြီး သင်ကြားလေ့လာစောင့်ကြည့်သုံးသပ်ပြင်ဆင် ဆိုတဲ့ နည်းဗျူဟာများနှင့် ကြိုးစားဆောင်ရွက်လျက်ရှိပါတယ်။ မြန်မာနိုင်ငံမှာလည်း ကျန်းမာရေးဝန်ကြီးဌာနအောက်က နဂိုရှိရင်းစွဲ HEB ကို HLPU ဆိုပြီး နာမည်ပြောင်းခဲ့ပါတယ်။ ehealth နှင့် ဆက်စပ်ပတ်သက်ပြီးပြောရမယ်ဆိင် ehealth ကို အကောင်ထည်ဖော်ဆောင်ရွက်မည့်သူများသာမက ပြည်သူလူထုနှင့် သုံးစွဲသူအားလုံး ပါဝင်ပတ်သက်သူအားလုံးရဲ့ ကျန်းမာရေးဆိုင်ရာ အသိပညာဗဟုသုတကြွယ်ဝမှုဟာ အရေးကြီးတဲ့ အချက်ဖြစ်ပါတယ်။
၅။ Computer Literacy သို့မဟုတ် ကွန်ပြူတာဆိုင်ရာ အသိပညာဗဟုသုတ
ehealth ရဲ့ အဓိက လိုအပ်ချက်လည်းဖြစ်ပါတယ်။ ကွန်ပြူတာဆိုင်ရာ အသိပညာဗဟုသုတ လုံးဝနည်းပါးတဲ့ နေရာမှာ ehealth ကိုတည်ထောင်တဲ့အခါ အောင်မြင်ဖို့ ခက်ခဲလွန်းပါတယ်။ အနည်းဆုံးတော့ ကွန်ပြူတာကို ဖွင့်တတ်ပိတ်တတ်ရပါမယ်။ မိမိတို့ တည်ဆောက်ထားတဲ့ Basic Applications များကို သုံးစွဲသူတွေဘက်က အခက်အခဲမရှိ သုံးစွဲနိုင်ဖို့လိုအပ်ပါတယ်။
၆။ Science Literacy သို့မဟုတ် သိပ္ပံဆိုင်ရာ အသိပညာဗဟုသုတ
သိပ္ပံဆိုင်ရာ အသိပညာဗဟုသုတဆိုတာကတော့ ehealth ကို အကောင်အထည်ဖော်ဆောင်ရွက်မဲ့ သူတွေအနေနှင့် မရှိမဖြစ်လိုအပ်တဲ့ ကိစ္စ ဖြစ်ပါတယ်။ မိမိတို့ လုပ်ကိုင်ဆောင်ရွက်နေတဲ့ ကိစ္စရပ်တိုင်းအတွက် Methodology ကဘာလဲ၊ မိမိတို့ လုပ်ကိုင်ဆောင်ရွက်နေတဲ့ ehealth လုပ်ငန်းစဉ်ကြီးကို ဘယ်လို Observation လုပ်မလဲ၊ နောက်တစ်ခုက ehealth ဆိုတာ ကမ္ဘာမှာ မိမိတို့စလုပ်တဲ့ innovation မဟုတ်တဲ့အတွက် ehealth နှင့်ပတ်သက်တဲ့ theory တွေကဘာတွေလဲ။ Framework တွေကဘယ်လိုရှိသလဲ။ ဘယ် Model တွေက ကိုယ့်နိုင်ငံအတွက် အရေးပါသလဲဆိုတာကို သိမြင်နားလည်ခြင်းဖြစ်ပါတယ်။
နိဂုံးအနေဖြင့်ပြောရရင် ehealth ဆိုတဲ့ စကားရပ်ကို အသုံးပြုတော့မယ်ဆိုရင် အထက်မှာ ဖော်ပြထားတဲ့ Literacy ခြောက်ခုကို အကြွယ်ဝဆုံးအဆင့်မဟုတ်ရင်တောင်မှာ အလယ်အလတ်အဆင့်တော့ သိမြင်နားလည် သဘောပေါက်နေရပါမယ်။ ကျန်တဲ့ literacy တွေက သူတပါးပြောတာကို နားထောင်လိုက်တာနဲ့ သိမြင်သဘောပေါက်နိုင်သော်လည်းပဲ health Literacy, computer literacy and Science Literacy သုံးခုကတော့ သူတပါးပြောတာကို ထိုင်နားထောင်တာတစ်ခုတည်းနှင့် ကျွမ်းကျင်တတ်မြောက်နိုင်ခြင်းမရှိပါဘူး။ အစည်းအဝေး တက်တာ နှင့် တတ်မြောက်သွားမှာ မဟုတ်ပါဘူး။ ဒါကြောင့် ehealth ကိုစိတ်ဝင်စားလို့ လေ့လာတော့မယ်ဆိုရင် အနည်းဆုံး တစ်နေ့ကို အချိန် လေးနာရီလောက်ပေးပြီး စာဖတ်ရမယ်။ ထို့အတူ ကွန်ပြူတာဆိုတာ ကိုယ့်ရဲ့ အိမ်သူသက်ထားလို တယုတယ အမြဲပွေ့ဖက်နေရမှာဖြစ်ပြီး လိုအပ်တဲ့ အချက်အလက်တွေကို အမြန်အဆန်ရရှိဖို့ Internet Connection ရှိနေရမှာဖြစ်ပြီး ဆရာကြီး Google ကို မေးမြန်းဖို့ ဘယ်တော့မှ ရှက်ကြောက်နေလို့မရပါဘူး။
ဆက်လက်ပြီး Business Model များ Comprehensive Model များကို အားရင်အားသလို ရေးသားပေးပါမယ်။

ဒေါက်တာနေ

Leave a Reply

Your email address will not be published. Required fields are marked *

Related Post

သုတေသနခေါင်းစဉ်တစ်ခုကို ဘယ်လိုရွေးချယ်မလဲသုတေသနခေါင်းစဉ်တစ်ခုကို ဘယ်လိုရွေးချယ်မလဲ

သုတေသန ခေါင်းစဉ်တစ်ခုကို ရွေးချယ်ခြင်း သုတေသနလုပ်ငန်းစဉ်ရဲ့ အစမှာ အရေးအကြီးဆုံးနဲ့ ပထမဆုံး ခြေလှမ်းကတော့ သင့်တော်တဲ့ သုတေသနခေါင်းစဉ်တစ်ခုကို ရွေးချယ်ခြင်းပဲဖြစ်ပါတယ်။ ကောင်းမွန်တဲ့ ခေါင်းစဉ်တစ်ခုဟာ မိတ်ဆွေရဲ့ သုတေသနကို လမ်းညွှန်ပေးနိုင်သလို၊ စိတ်ဝင်စားစရာကောင်းပြီး အောင်မြင်တဲ့ သုတေသနတစ်ခု ဖြစ်လာဖို့အတွက်လည်း အခြေခံအုတ်မြစ်ကောင်းတစ်ခုကို ချပေးနိုင်ပါတယ်။ ဒါကြောင့် ခေါင်းစဉ်တစ်ခုကို ရွေးချယ်တဲ့အခါမှာ မိတ်ဆွေရဲ့ စိတ်ဝင်စားမှု၊ သုတေသနပြုလုပ်နိုင်မှုနဲ့ သင့်တော်တဲ့ အကြောင်းအရာတွေကို

eHealth LaoeHealth Lao

#eHealth#Lao ehealth နှင့်ပတ်သက်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက သတ်မှတ်ထားတဲ့ Toolkit ဆိုတာရှိပါတယ်။ အဲ့ဒါကိုတော့ နောက်မှရေးသားပါမယ်။လတ်တလော လာအိုနိုင်ငံရဲ့ ehealth Architecture ကို ရေးသားချင်ပါတယ်။eHealth လုပ်ငန်းစဉ်မှာ အောက်ဖော်ပြပါ အပိုင်းကဏ္ဍတွေ အနည်းဆုံးတော့ပါဝင်ရပါမယ်။၁။အီလက်ထရောနစ် ဆေးမှတ်တမ်း( EMR)၂။အီလက်ထရောနစ် ကျန်းမာရေးမှတ်တမ်း ( EHR) ၃။ ပုဂ္ဂလိက ကျန်းမာရေးမှတ်တမ်း (PHR)၄။ အဝေးရောက်ဆေးကုသမှုလုပ်ငန်း (telemedicine)၅။ မိုဘိုင်းကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း

eHealth (Lili model)eHealth (Lili model)

#Ehealth#Lily_Modelမနေ့က 5Cs model ကိုရေးပြခဲ့ပြီးပါပြီဒီနေ့ပြောပြချင်တာက နာမည်ကြီး Lily Model ဖြစ်ပါတယ်။ ehealthရဲ့ ကနဦးခေါင်းဆောင်တွေထဲက တစ်ဦးအပါအဝင်ဖြစ်တဲ့ Norman က ehealth ဆိုတာ ဘာလဲလို့ရှင်းပြတဲ့အခါမှာ Lily model ကို အသုံးပြုခဲ့ပါတယ်။အဲ့ဒီ Lily Model မှာ အဓိက ပွင့်ချပ်ခြောက်ခု သို့မဟုတ် essential components ခြောက်ခုပါဝင်ပါတယ်။အဲ့ဒါတွေကတော့၁။ traditional