naywinaung နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်ဆိုင်ရာစံတန်ဖိုးများ

နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်ဆိုင်ရာစံတန်ဖိုးများ

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ပြည်ထောင်စုရာထူးဝန်အဖွဲ့

နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်ဆိုင်ရာစံတန်ဖိုးများ

အမိန့်ကြော်ငြာစာအမှတ် (၄၃/ ၂၀၂၁)

၁၃၈၃ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၃ ရက်

(၂၀၂၁ ခုနှစ်၊ မေလ ၂၈ ရက်)

နိဒါန်း

ပြည်ထောင်စုရာထူးဝန်အဖွဲ့သည် ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေပုဒ်မ ၂၇ ပုဒ်မခွဲ (ခ) အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၊ စီမံခန့်ခွဲရေးကော်မတီအစည်းအဝေးအမှတ်စဉ် (၆/ ၂၀၂၁) ၏ သဘောတူညီချက် ဖြင့် ဤ “နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်ဆိုင်ရာစံတန်ဖိုးများ (Ethical Values for Civil Service Personnel)” ကို ဤအမိန့်ကြော်ငြာစာဖြင့် ထုတ်ပြန်လိုက်သည်။

 

၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်းရှိ ပြည်ထောင်စုအဆင့်တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်အဆင့်ဆင့်တွင် ဝန်ထမ်းအမျိုးအစားအလိုက် သတ်မှတ်ထားရှိသည့် ရာထူးအသီးသီး၌ တာဝန် ထမ်းဆောင်လျက်ရှိကြသော နိုင်ငံ့ဝန်ထမ်းများသည် တည်ဆဲဥပဒေများနှင့်အညီ နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ အကျိုးစီးပွားအတွက် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများဆောင်ရွက်ရာတွင် အဓိကကျသည့် အခန်းကဏ္ဍမှ ပါဝင်လျက်ရှိပါသည်။ နိုင်ငံ့ဝန်ထမ်းဆိုင်ရာ သတ်မှတ်ချက်များကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ခုနှစ်)၊ နိုင်ငံ့ဝန်ထမ်းဥပဒေနှင့် နိုင်ငံ့ဝန်ထမ်းနည်းဥပဒေ များ၌ ပြဋ္ဌာန်းထားပြီးဖြစ်ပါသည်။ နိုင်ငံ့ဝန်ထမ်းများအနေဖြင့် အတတ်ပညာရပ်ဆိုင်ရာပြည့်စုံပြီး ဘက်လိုက်မှုကင်းရှင်းသော ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကောင်းမွန်သော အုပ်ချုပ်မှု၊ ဒီမိုကရေစီစံနှုန်းများနှင့် ပြည့်စုံရန်လိုအပ်ပါသည်။ နိုင်ငံ့ဝန်ထမ်းများသည် ပါတီနိုင်ငံရေး ကင်းရှင်းပြီး အဂတိလိုက်စားမှုကင်းစင်ရမည့်အပြင်မိမိတို့အား ပေးအပ်ထားသည့် လုပ်ငန်းတာဝန်များကို ထမ်းဆောင်ရာတွင် လိုအပ်သည့် ပညာအရည်အချင်း၊ ကျွမ်းကျင်မှုအရည်အချင်းများနှင့်လည်း ပြည့်စုံရန် လိုအပ်ပါသည်။

၂။ ထို့အတူ မိမိတို့အား ပေးအပ်ထားသည့်တာဝန်၊ ဝတ္တရားများနှင့်အညီ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ရာ၌ တာဝန်ကျေပွန်စွာထမ်းဆောင်မှု၊ ရိုးဖြောင့်မှု၊ တာဝန်ယူမှု၊ တာဝန်ခံမှု၊ ပွင့်လင်းမြင်သာမှု၊ အားလုံးပါဝင်ဆောင်ရွက်မှု၊ သာတူညီမျှမှု၊ တန်းတူညီတူရှိမှု၊ ဘက်လိုက်ခြင်းကင်းမှု စသည့်အချက်များနှင့် ပြည့်စုံပါက ကျင့်ဝတ်သိက္ခာနှင့်ပြည့်စုံသည့် နိုင်ငံ့ဝန်ထမ်းကဏ္ဍတစ်ခု ပေါ်ထွန်းလာမည်ဖြစ်ပါသည်။

၃။ ဤနိုင်ငံ့ဝန်ထမ်းကျင့်ဝတ်ဆိုင်ရာစံတန်ဖိုးသတ်မှတ်ချက်များသည် နိုင်ငံ့ဝန်ထမ်းဥပဒေ၊ ပုဒ်မ ၂ ပုဒ်မခွဲ (င) အရ တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် တိုက်ရိုက်သက်ဆိုင်ခြင်းမရှိပါ။

၄။ ဤနိုင်ငံ့ဝန်ထမ်းကျင့်ဝတ်ဆိုင်ရာစံတန်ဖိုး သတ်မှတ်ချက်များသည် ယခင်ပြဋ္ဌားန်ထားရှိသော နိုင်ငံ့ ဝန်ထမ်းကျင့်ဝတ်၊ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းများနှင့် နိုင်ငံတကာအဖွဲ့အစည်းများတွင် ကျင့်သုံးလျက်ရှိသော စံနမူနာကောင်းများကို အခြေခံ၍ နိုင်ငံ့ဝန်ထမ်းအဖွဲ့အစည်းအသီးသီးရှိ တာဝန်ရှိသူ များနှင့် ပူးပေါင်းညှိနှိုင်းရေးဆွဲခဲ့ခြင်းဖြစ်ပြီး နိုင်ငံ့ဝန်ထမ်းတိုင်းသိရှိလိုက်နာစောင့်ထိန်းရမည့် အဓိကစံ တန်ဖိုးများပင်ဖြစ်ပါသည်။

၅။ သို့ဖြစ်ရာ နိုင်ငံ့ဝန်ထမ်းများသည် သက်ဆိုင်ရာဝန်ထမ်းအဖွဲ့အစည်း၊ ဝန်ထမ်းအမျိုးအစားအလိုက် လုပ်ငန်းသဘာဝအလျောက် သတ်မှတ်ထားသည့် ကျင့်ဝတ်နှင့် စည်းကမ်းများကို လိုက်နာရမည့်အပြင် ဤနိုင်ငံ့ဝန်ထမ်းကျင့်ဝတ်ဆိုင်ရာ စံတန်ဖိုးသတ်မှတ်ချက်များကိုလည်း စောင့်ထိန်းလိုက်နာရမည် ဖြစ်ပါသည်။

 

အခန်း (၁)

ရည်ရွယ်ချက်

၆။ ဤနိုင်ငံ့ဝန်ထမ်းကျင့်ဝတ်ဆိုင်ရာစံတန်ဖိုးများသတ်မှတ်ရခြင်း၏ ရည်ရွယ်ချက်မှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

(က) ပြည်သူများအပေါ်ပိုမိုထိရောက်ကောင်းမွန်သည့် ဝန်ဆောင်မှုများ ပံ့ပိုးပေးနိုင်ရေးအတွက် စဉ်ဆက်မပြတ် ဆန်းသစ်တီထွင်ဆောင်ရွက်နိုင်သည့် နိုင်ငံ့ဝန်ထမ်းကောင်းများပေါ်ထွက်လာစေရန်၊

(ခ) နိုင်ငံ့ဝန်ထမ်းများထံမှ ပြည်သူများ မျှော်လင့်သည့် ပွင့်လင်းမြင်သာမှု၊ လုပ်ငန်းကျွမ်းကျင်မှု၊ တာဝန်ယူမှု၊ တာဝန်ခံမှုနှင့် ယုံကြည်အားထားရမှုများတိုးမြှင့်လာစေရန်၊

(ဂ) နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ပြည်သူများအပေါ် ကောင်းမွန်သော ဝန်ဆောင်မှုများ ပေးအပ်နိုင်ရေး အတွက် အထက်အောက်ဆက်ဆံရေး၊ တန်းတူဆက်ဆံရေးအဆင်ပြေချောမွေ့စေမှုနှင့် အပြန်အလှန် ယုံကြည်စေမှု တည်ဆောက်ရန်အတွက် အလုပ်ဌာန ဝန်းကျင်ကောင်း ဖန်တီးပေးနိုင်ရန်၊

(ဃ) ပြည်သူများကို ဝန်ဆောင်မှုပေးရာတွင် ခွဲခြားဆက်ဆံမှု၊ ဘက်လိုက်မှုမရှိဘဲ တရားမျှတစွာ ဆောင်ရွက်ပေးခြင်းအားဖြင့် ကတိကဝတ်ခိုင်မာသော နိုင်ငံ့ဝန်ထမ်းကဏ္ဍဖြစ်ပေါ်လာစေရန်၊

(င) နိုင်ငံ့ဝန်ထမ်းများသည် မိမိအားပေးအပ်ထားသည့် တာဝန်နှင့် ဝတ္တရားများကိုထမ်းဆောင်ရာတွင် ပြည်သူနှင့် ဆက်ဆံရာ၌ ဖြစ်စေ၊ အဖွဲ့အစည်းအတွင်းနှင့် အဖွဲ့အစည်းအချင်းချင်းဆက်ဆံရာ၌ဖြစ်စေ၊ ဆုံးဖြတ်ချက်များချမှတ်ရာ၌ဖြစ်စေ၊ တာဝန်ယူမှု၊ တာဝန်ခံမှု၊ ထက်မြက်မှု၊ ရိုးသားဖြောင့်မတ်မှု၊ သစ္စာရှိမှု၊ ယုံကြည်အားထားရမှု၊ သမာသမတ်ကျမှု၊ ဆက်ဆံရေးပြေပြစ်မှုနှင့် အဂတိကင်းရှင်းမှုတို့ရှိခြင်းအားဖြင့် နိုင်ငံ့ဝန်ထမ်းကဏ္ဍမြင့်မားလာစေရန်၊

(စ) အများပြည်သူနှင့်သက်ဆိုင်သော သဘာဝအရင်းအမြစ်နှင့် ရုပ်ပိုင်းဆိုင်ရာအရင်းအမြစ်များကို ရေရှည်တည်တံ့ခိုင်မြဲအောင် တာဝန်ယူထိန်းသိမ်းစောင့်ရှောက်သွားရန်၊

(ဆ) ကျင့်ဝတ်ဆိုင်ရာစံတန်ဖိုးသတ်မှတ်ချက်များကို နိုင်ငံ့ဝန်ထမ်းများက လိုက်နာခြင်းအားဖြင့် ပြည်သူ များအားလုံး ပါဝင်မှုရှိသော၊ တန်းတူညီမျှမှုရှိသော ခိုင်မာအားကောင်းသည့် ဒီမိုကရေစီအသိုက်အဝန်း တစ်ရပ်ဖြစ်ပေါ်လာစေရန်။

 

အခန်း (၂)

နိုင်ငံ့ဝန်ထမ်းများထားရှိရမည့်စံတန်ဖိုးသတ်မှတ်ချက်များ

၇။ နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်နှင့် အခြားသောအဖွဲ့အစည်းဆိုင်ရာကျင့်ဝတ်များသည် နိုင်ငံ့ဝန်ထမ်းကဏ္ဍ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီးသော အစိတ်အပိုင်းတစ်ရပ်ဖြစ်ပါသည်။ အဖွဲ့ အစည်းအလိုက်ချမှတ်ထားသည့် မူဝါဒ၊ ရည်မှန်းချက်၊ လုပ်ငန်းစဉ်များကို အကောင်အထည် ဖော်နိုင်ရန် အတွက် လုပ်ဆာင်ချက်များ၊ ဆုံးဖြတ်ချက်များချမှတ်ဆောင်ရွက်ရာတွင် နိုင်ငံ့ဝန်ထမ်းကျင့်ဝတ် စံတန်ဖိုးများသည် ဝန်ထမ်းများကို များစွာ အထောက်အကူပြုပါသဖြင့် အောက်ပါ နိုင်ငံ့ဝန်ထမ်းကျင့်ဝတ် စံတန်ဖိုးသတ်မှတ်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရပါမည်-

(က) ပြည်သူဗဟိုပြုနိုင်ငံ့ဝန်ထမ်းများဖြစ်ရန် ကတိကဝတ်ပြုခြင်း၊

(ခ) လုပ်ငန်းတာဝန်များကို ဇွဲ၊ လုံ့လ၊ ဝီရိယဖြင့် တိကျမှန်ကန်မြန်ဆန် ထိရောက်စွာ ဆောင်ရွက်ခြင်း၊

(ဂ) ဆန်းသစ်တီထွင်နိုင်မှုနှင့် ယှဉ်ပြိုင်နိုင်မှုစွမ်းရည်ရှိခြင်း၊

(ဃ) ရိုးသားဖြောင့်မတ်ခြင်း၊ ဂုဏ်သိက္ခာရှိခြင်းနှင့် ယုံကြည်ထိုက်ခြင်း၊

(င) ထူးချွန်ပြောင်မြောက်မှုနှင့် အတတ်ပညာရပ်ဆိုင်ရာ ကျွမ်းကျင်မှုရှိခြင်း၊

(စ) အားလုံးပါဝင်၍ ပူးပေါင်းညှိနှိုင်းဆောင်ရွက်မှုရှိခြင်း၊

(ဆ) ဘက်လိုက်မှုကင်းခြင်း၊ အဂတိကင်းရှင်းခြင်း၊ တရားမျှတစွာ ဆောင်ရွက်မှုရှိခြင်း၊

(ဇ) ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှုနှင့် တာဝန်ခံမှုရှိခြင်း။

 

အခန်း (၃)

ပြည်သူဗဟိုပြုနိုင်ငံ့ဝန်ထမ်းများဖြစ်လာစေရန် ကတိကဝတ်ပြုခြင်း

၈။ နိုင်ငံ့ဝန်ထမ်းများသည်-

(က) ပြည်သူများ၏ အကျိုးစီးပွားကို ရှေးရှု၍ အလေးထားဆောင်ရွက်ရမည်။

(ခ) သဘာဝသယံဇာတအရင်းအမြစ်များ လေလွင့်ဆုံးရှုံးမှုမဖြစ်ပေါ်စေရေး ထိန်းသိမ်းစောင့်ရှောက်ရမည်။

(ဂ) ပြည်သူများ၏ လိုအပ်ချက်ကို မဆိုင်းမတွ တုံ့ပြန်ဖြည့်ဆည်းပေးနိုင်ရေးနှင့် တန်းတူညီမျှမှုရှိစေရေး တို့အတွက် ပြည်သူ့ဝန်ဆောင်မှုစံနှုန်းများ မြင့်မားစေရေးတို့ကို ဆောင်ရွက်ရမည်။

(ဃ) လူမျိုး၊ ဘာသာ၊ အဆင့်အတန်း၊ ကျား/ မ ခွဲခြားမှုမရှိဘဲ ပြည်သူများ၏ လုပ်ငန်းကိစ္စရပ်များ ဆောင်ရွက်ရာတွင် စာနာမှု၊ ပြည်သူကို ရိုသေလေးစားမှုနှင့်အတူ အချိန်မီ ပြီးစီးရေး အလေးထား ဆောင်ရွက်ရမည်။

(င) ပြည်သူများ၏ ယုံကြည်မှုကို ရရှိစေရန်နှင့် အနာဂတ်မျိုးဆက်သစ်များအတွက် စံပြဖြစ်နေစေရန် မိမိ၏ ပြုမူဆောင်ရွက်ချက်များကို ကောင်းမွန်သော ရလဒ်ရရှိရေး သုံးသပ်စဉ်းစားဆောင်ရွက်ရမည်။

(စ) နိုင်ငံတော်နှင့် အများပြည်သူတို့၏ အကျိုးစီးပွားအတွက် ကောင်းမြတ်သည့် စိတ်စေတနာ၊ ကိုယ်ကျင့် တရားတို့ဖြင့် ထိန်းသိမ်းစောင့်ရှောက်ရမည်။

(ဆ) ပြည်သူ့အကျိုးစီးပွားကို ထိခိုက်ပျက်စီးစေမည့် အပြုအမူများကို ရှောင်ကြဉ်ရမည်။

 

အခန်း (၄)

လုပ်ငန်းတာဝန်များကို ဇွဲ၊ လုံ့လ၊ ဝိရီယဖြင့် တိကျမှန်ကန် မြန်ဆန်ထိရောက်စွာ ဆောင်ရွက်ခြင်း

၉။ နိုင်ငံ့ဝန်ထမ်းများသည်-

(က) ဝန်ထမ်းအချင်းချင်း၊ ဌာနအဖွဲ့အစည်းအချင်းချင်း ထိရောက်စွာချိတ်ဆက် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရမည်။

(ခ) ပေးအပ်သော တာဝန်ဝတ္တရားများကို လိုလားစွာဖြင့် ထိုးထွင်းကြံဆ၍ အချိန်နှင့် တစ်ပြေးညီ မှန်ကန်ပြီးမြောက်အောင် အကောင်အထည်ဖော် ဆောင်ရွက်ရမည်။

(ဂ) မိမိလုပ်ငန်းတာဝန်နှင့် နှီးနွှယ်ဆက်စပ်နေသည့် ပညာရပ်ဆိုင်ရာ နယ်ပယ်များတွင် တက်ကြွစွာ ပူးပေါင်းပါဝင်ဆောင်ရွက်ရမည်။

(ဃ) လုပ်ငန်းတာဝန်များကို အမှားအယွင်းမရှိစေရန် တိကျသေချာစွာ အလေးအနက်ထား ဆောင်ရွက် ရမည်။

 

အခန်း (၅)

ဆန်းသစ်တီထွင်နိုင်မှုနှင့် ယှဉ်ပြိုင်နိုင်မှုစွမ်းရည်ရှိခြင်း

၁၀။ နိုင်ငံ့ဝန်ထမ်းများသည်-

(က) နိုင်ငံတော်နှင့်အဖွဲ့အစည်း၏ တိုးတက်ရေးကိုရှေးရှု၍ အရည်အချင်းပြည့်ဝနေစေရန် စဉ်ဆက်မပြတ် လေ့လာဆည်းပူးမှတ်သားနိုင်စွမ်းရှိရမည်။

(ခ) မိမိတို့၏ လုပ်ငန်းခွင်အတွေ့အကြုံများနှင့် အတတ်ပညာပိုင်းဆိုင်ရာ ဗဟုသုတများကို ပြန်လည်မျှဝေ ပေးနိုင်စွမ်းရှိရမည်။

(ဂ) မိမိအဖွဲ့အစည်းအတွက် လုပ်ငန်းပိုင်ဆိုင်ရာ ကျွမ်းကျင်မှုရှိရမည့်အပြင် ခေတ်နှင့် လျော်ညီသည့် အတတ်ပညာနှင့် ဆန်းသစ်တီထွင်နိုင်သည့် အတွေးအခေါ်ရှိရမည်။

(ဃ) လုပ်ငန်းခွင်အခက်အခဲများကို သမားရိုးကျမဟုတ်ဘဲ ထိရောက်လျင်မြန်သော နည်းလမ်းကောင်းများ ဖြင့် အောင်မြင်စွာ ကြံဆဖြေရှင်းနိုင်စွမ်းရှိရမည်။

(င) နက်ရှိုင်းကျယ်ပြန့်စွာ ထိုးထွင်းသိမြင်ပြီး စဉ်းစားတွေးခေါ် ဆောင်ရွက်နိုင်စွမ်းရှိရမည်။

(စ) ဖြတ်ထိုးဉာဏ်ကောင်း၍ ဝေဖန်ပိုင်းခြားနိုင်စွမ်းရှိရမည်။

 

အခန်း (၆)

ရိုးသားဖြောင့်မတ်ခြင်း၊ ဂုဏ်သိက္ခာရှိခြင်းနှင့် ယုံကြည်ထိုက်ခြင်း

၁၁။ နိုင်ငံ့ဝန်ထမ်းများသည်-

(က) ပြည်သူကိုဝန်ဆောင်မှုပေးရာတွင် ရိုးသားဖြောင့်မတ်မှုရှိရမည်။

(ခ) ကိုယ်ကျင့်တရားနှင့် ကျင့်ဝတ်သိက္ခာကို အကောင်းဆုံးစောင့်ထိန်းရမည်။

(ဂ) တာဝန်အရအပ်နှင်းထားသည့် လုပ်ပိုင်ခွင့်ကို အလွဲသုံးစားပြုခြင်းနှင့် မလျော်ဩဇာသုံးခြင်းတို့မှ ရှောင်ကြဉ်ရမည်။

(ဃ) နိုင်ငံတော်ပိုင်ပစ္စည်း၊ နိုင်ငံတော်ဘဏ္ဍာများ လေလွင့်ဆုံးရှုံးမှုမရှိစေရေးနှင့် အလွဲသုံးစားမှုမပြုရေးတို့ အတွက် ထိန်းသိမ်းစောင့်ရှောက်ရမည်။

(င) အစိုးရနှင့် ပြည်သူများအကြား ကောင်းမွန်သော ယုံကြည်မှုကို တည်ဆောက်ထိန်းသိမ်းနိုင်ရေး ဦးတည်ကြိုးပမ်းရမည်။

(စ) ရာထူး၊ ဌာန၊ လုပ်ငန်းတာဝန်များနှင့် ဆက်စပ်၍ ပုဂ္ဂိုလ်ရေးဆိုင်ရာကိစ္စရပ်များ ရောထွေးမှုမရှိစေရေး စောင့်ထိန်းရမည်။

(ဆ) လုပ်ငန်းခွင်အတွင်း အဂတိတရားကင်းရှင်းစွာ ဆောင်ရွက်ရမည်။

(ဇ) လုံခြုံမှုအဆင့်အတန်း သတ်မှတ်ထားသည့် သတင်းအချက်အလက်များ ပေါက်ကြားမှုမရှိစေရေး အထူး သတိပြု ထိန်းသိမ်းရမည်။

(ဈ) ရိုးသားဖြောင့်မတ်ပြီး နိုင်ငံတော်၊ မိမိဌာန အဖွဲ့အစည်းနှင့် ပြည်သူတို့အပေါ် သစ္စာရှိရမည်။

(ည) ဌာနအဖွဲ့အစည်းက ယုံကြည်စိတ်ချစွာတာဝန်ပေးအပ်နိုင်သူဖြစ်ရမည်။

(ဋ) ဝန်ထမ်းအချင်းချင်း၏ ယုံကြည်လေးစား အားကိုးထိုက်သူဖြစ်ရမည်။

(ဌ) မိမိဌာနအဖွဲ့အစည်းနှင့် ဝန်ထမ်းအချင်းချင်းအပေါ် အထင်အမြင်လွဲမှားစေမည့် အနေအထိုင်၊ အပြုအမူ၊ အပြောအဆိုတို့ကို ရှောင်ကြဉ်ရမည်။

(ဍ) ဌာနအဖွဲ့အစည်းဆိုင်ရာ သတင်းအချက်အလက်များကို ကိုယ်ကျိုးစီးပွားအတွက် အသုံးပြုခြင်းမှ ရှောင်ကြဉ်ရမည်။

(ဎ) မိမိ၏ အခွင့်အာဏာနှင့် ဆက်နွှယ်၍ မည်သည့်စီးပွားရေး လုပ်ငန်းများတွင်မျှ ကိုယ်ကျိုးစီးပွားပါဝင် ပတ်သက်ခြင်းမပြုရ။

 

အခန်း (၇)

ထူးချွန်ပြောင်မြောက်မှုနှင့် အတတ်ပညာရပ်ဆိုင်ရာ ကျွမ်းကျင်မှုရှိခြင်း

၁၂။ နိုင်ငံ့ဝန်ထမ်းများသည်-

(က) ခေါင်းဆောင်မှုဆိုင်ရာ အရည်အသွေးများနှင့် စီမံခန့်ခွဲမှုစွမ်းရည်များ မြင့်မားလာစေရေးအတွက် စဉ်ဆက်မပြတ် လေ့လာဆည်းပူးရမည်။

(ခ) အများပြည်သူဆိုင်ရာ မူဝါဒများနှင့် အစီအစဉ်များကို အရည်အချင်းပြည့်ဝစွာဖြင့် ချမှတ် အကောင်အထည်ဖော်နိုင်ရေး လေ့လာဆည်းပူးရမည်။

(ဂ) ပြည်သူကိုဝန်ဆောင်မှုပေးရာတွင် အမြင့်မားဆုံးသော ကျွမ်းကျင်မှုဆိုင်ရာ အရည်အချင်းများဖြင့် စွမ်းဆောင်ရည်ပြည့်ဝစွာ ဆောင်ရွက်ပေးရမည်။

(ဃ) လုပ်ငန်းခွင်အတွင်း ပူးပေါင်းဆောင်ရွက်တတ်စေရေးနှင့် တာဝန်ထမ်းဆောင်မှုနှင့် စွမ်းဆောင်ရည် အခြေပြုစံသတ်မှတ်ချက်များအပေါ် အခြေခံ၍ ကျွမ်းကျင်မှုအရည်အချင်းများ ဖွံ့ဖြိုးတိုးတက်မှုရှိစေရေး အတွက် လေ့လာဆည်းပူးရမည်။

(င) ခေတ်မီ ဆက်သွယ်ရေးနည်းပညာများကို တတ်သိနားလည်ပြီး အသုံးချနိုင်စွမ်းရှိရမည်။

(စ) နိုင်ငံတော်နှင့် ဌာနအဖွဲ့အစည်းများမှ ထုတ်ပြန်သည့် မူဝါဒ၊ ဥပဒေ၊ နည်းဥပဒေများ၊ အမိန့်နှင့် ညွှန်ကြားချက်များကို လေ့လာဆည်းပူးရမည်။

(ဆ) ကြီးကြပ်ကွပ်ကဲမှုအနည်းဆုံးဖြင့် လုပ်ငန်းတာဝန်များကို အောင်မြင်ပြီးမြောက်အောင် ဆောင်ရွက်နိုင်သူဖြစ်ရမည်။

(ဇ) မိမိရာထူးအဆင့်အလိုက်ထမ်းဆောင်ရမည့် လုပ်ငန်းတာဝန်များကို ကျွမ်းကျင်စွာ ဆောင်ရွက်နိုင်ရမည့် အပြင် လုပ်ဖော်ကိုင်ဖက်များကိုလည်း ကျွမ်းကျင်မှုရှိစေရန် ပံ့ပိုးကူညီရမည်။

(ဈ) အရည်အချင်းပြည့်ဝနေစေရန် စဉ်ဆက်မပြတ် လေ့လာဆည်းပူးမှတ်သားဆောင်ရွက်ရမည်။

 

အခန်း (၈)

အားလုံးပါဝင်၍ ပူးပေါင်းညှိနှိုင်းဆောင်ရွက်မှုရှိခြင်း

၁၃။ နိုင်ငံ့ဝန်ထမ်းများသည်-

(က) ဝန်ထမ်းရေးရာကိစ္စရပ်များကို ဆောင်ရွက်ရာတွင် လူမျိုး၊ ဇာတိ၊ ကိုးကွယ်ရာဘာသာ၊ ရာထူး အဆင့်အတန်း၊ အမျိုးသား၊ အမျိုးသမီး ခွဲခြားဆက်ဆံခြင်းမပြုရ။

(ခ) ဌာန၊ ဒေသ၊ ဓလေ့ထုံးတမ်းယဉ်ကျေးမှုများနှင့် အညီ လိုက်လျောညီထွေ အပြန်အလှန်လေးစားစွာ ဆက်ဆံဆောင်ရွက်ရမည်။

(ဂ) လုပ်ငန်းနှင့် ဆက်စပ်လျက်ရှိသော ပြည်တွင်း၊ ပြည်ပအစိုးရအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ ပုဂ္ဂလိကအဖွဲ့အစည်းများနှင့် ပူးပေါင်းညှိနှိုင်းဆောင်ရွက်ရန် လိုအပ်ပါက ချမှတ်ထားသော မူဝါဒများနှင့်အညီ ဆောင်ရွက်ရမည်။

(ဃ) မိမိအားပေးအပ်ထားသည့်လုပ်ငန်းတာဝန်များကို ဆောင်ရွက်ရာတွင် အချင်းချင်းရိုင်းပင်းကူညီ၍ အဖွဲ့အစည်းစိတ်ဓာတ်ဖြင့် အပြန်အလှန်ပူးပေါင်းဆောင်ရွက်ရမည်။

 

အခန်း (၉)

ဘက်လိုက်မှုကင်းခြင်း၊ အဂတိကင်းရှင်းခြင်း၊ တရားမျှတစွာဆောင်ရွက်မှုရှိခြင်း

၁၄။ နိုင်ငံ့ဝန်ထမ်းများသည်-

(က) အဂတိတရားကင်းရှင်းစွာ အချိန်နှင့်တစ်ပြေးညီ ဝန်ဆောင်မှုပေးရမည်။

(ခ) ဖွဲ့စည်းပုံအခြေခံဥပဒေ၊ တည်ဆဲဥပဒေများ၊ နည်းဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများ၊ အမိန့်ကြော်ငြာစာများ၊ ညွှန်ကြားချက်များ၊ လုပ်ထုံးလုပ်နည်းများ၊ အခါအားလျော်စွာ ထုတ်ပြန်သည့် ဒေသန္တရဆိုင်ရာအမိန့် ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရမည်။

(ဂ) ဘက်လိုက်မှုကင်းရှင်းရမည့်အပြင် အများပြည်သူအထင်အမြင်လွဲမှားစေနိုင်သည့် အပြုအမူ၊ အပြောအဆိုတို့ကိုလည်း ရှောင်ကြဉ်ရမည်။

(ဃ) ပြည်သူများကို လေးစားမှု၊ စာနာမှုနှင့် တရားမျှတမှုတို့ဖြင့် ဆက်ဆံရမည်။

(င) ဆုံးဖြတ်ချက်များကို အချိန်နှင့်တစ်ပြေးညီ မှန်ကန်မျှတစွာ ချမှတ်ရမည်။

(စ) နိုင်ငံ့ဝန်ထမ်းများသည် ပါတီနိုင်ငံရေးနှင့်ကင်းရှင်းရမည်။

 

အခန်း (၁၀)

ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှုနှင့် တာဝန်ခံမှုရှိခြင်း

၁၅။ နိုင်ငံ့ဝန်ထမ်းများသည်-

(က) နိုင်ငံတော်နှင့် ပြည်သူ့အကျိုးအတွက် သက်ဆိုင်ရာ တည်ဆဲဥပဒေ၊ နည်းဥပဒေများနှင့် အညီ ပွင့်လင်း မြင်သာမှုဖြင့် မှန်ကန်စွာဆောင်ရွက်ရမည်။

(ခ) လုပ်ငန်းတာဝန်များကိုထမ်းဆောင်ရာတွင် မိမိ၏ လုပ်ဆောင်ချက်များနှင့် ဆုံးဖြတ်ချက်များအတွက် တာဝန်ယူမှုနှင့် တာဝန်ခံမှုရှိရမည်။

(ဂ) ပြည်သူများ၏ တင်ပြချက်များအပေါ်သက်ဆိုင်ရာ တည်ဆဲဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံး လုပ်နည်းများ၊ မူဝါဒများ၊ အမိန့်၊ ညွှန်ကြားချက်များနှင့် အညီ စနစ်တကျ စိစစ်၍ ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ရမည်။

(ဃ) တာဝန်သိမှု၊ တာဝန်ရှိမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှု၊ တာဝန်ကျေမှုတို့ဖြင့် ဆောင်ရွက်ရမည်။

 

အခန်း (၁၁)

အထွေထွေ

၁၆။ ကျင့်ဝတ်ဆိုင်ရာ ပြဿနာများ ပေါ်ပေါက်လာပါက အနီးကပ်ကြီးကြပ်သူအရာရှိက ပြဿနာရင်းမြစ်ကို စုံစမ်း၍ ဖြေရှင်းခြင်း၊ ဆုံးဖြတ်ခြင်း သို့မဟုတ် ကျိုးကြောင်းဆီလျော်သော သုံးသပ်အကြံပြုချက်တို့ဖြင့် အထက်အဆင့်ဆင့်သို့ အချိန်နှင့် တစ်ပြေးညီ ဆောင်ရွက်တင်ပြရမည်။

၁၇။ အထက်အရာရှိအကြီးအမှူးများကလည်း မိမိလက်အောက်ဝန်ထမ်းများမှ တင်ပြလာသည့် ပြဿနာများကို ကိုင်တွယ်ဖြေရှင်းရာတွင် ရိုးသားခြင်း၊ ဖြောင့်မတ်ခြင်း၊ တရားမျှတခြင်း၊ ဘက်လိုက်မှု ကင်းရှင်းခြင်းတို့ဖြင့် သတ်မှတ်ပြဋ္ဌာန်းထားသည့် တည်ဆဲဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ၊ အခါအားလျော်စွာ ထုတ်ပြန်သည့် အမိန့်ညွှန်ကြားချက်များနှင့်အညီ မှန်ကန်မြန်ဆန်စွာ ဖြေရှင်း ဆောင်ရွက်ရမည်။

နိဂုံး

၁၈။ ဤနိုင်ငံ့ဝန်ထမ်းကျင့်ဝတ်ဆိုင်ရာ စံတန်ဖိုးသတ်မှတ်ချက်များကို သိရှိလိုက်နာစောင့်ထိန်းခြင်းဖြင့် နိုင်ငံဝန်ထမ်းအဖွဲ့အစည်းများနှင့် နိုင်ငံ့ဝန်ထမ်းများအပေါ် ပြည်သူများက ယုံကြည်အားထားမှု ပိုမိုရရှိစေမည့်အပြင် ဒီမိုကရေစီဖက်ဒရယ်နိုင်ငံတော်သစ် တည်ဆောက်ရာတွင် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက် ရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူ့ဘဝသာယာဝပြောရေးတို့ကို ထိရောက်အောင်မြင်စွာ ဖော်ဆောင် နိုင်စေမည်ဖြစ်ပါသည်။

၁၉။ သို့ဖြစ်ပါ၍ ဤနိုင်ငံ့ဝန်ထမ်းကျင့်ဝတ်ဆိုင်ရာ စံတန်ဖိုးသတ်မှတ်ချက်များသည် ကျင့်ဝတ်သိက္ခာနှင့် ပြည့်စုံသော နိုင်ငံ့ဝန်ထမ်းကောင်းများဖြစ်ပေါ်လာစေရေး၊ စွမ်းဆောင်ရည်ပြည့်ဝသော နိုင်ငံ့ဝန်ထမ်း အဖွဲ့အစည်းများဖြစ်ပေါ်လာစေရေး၊ ပိုမိုကောင်းမွန်သည့် လူမှုအဖွဲ့အစည်း ဖြစ်ပေါ်လာစေရေးတို့အတွက် အထောက်အကူပြုစေမည့် စံတန်ဖိုးများဖြစ်ပါသဖြင့် နိုင်ငံ့ဝန်ထမ်းတိုင်း သိရှိစောင့်ထိန်းလိုက်နာကြရန် လိုအပ်ပါသည်။

 

 သန်းဆွေ

 ဥက္ကဋ္ဌ

 ပြည်ထောင်စုရာထူးဝန်အဖွဲ့

Leave a Reply

Your email address will not be published. Required fields are marked *

Related Post

Bias in ResearchBias in Research

Bias in Researchသုတေသနပြုလုပ်ရာတွင် ဘက်လိုက်ခြင်းဘက်လိုက်ခြင်း (ဒီတိုင်း ဟုတ်ချင်လည်းဟုတ်မယ် မဟုတ်ချင်လည်း မဟုတ်ဘူး။ ကျွန်တော်ကတော့ ဘက်လိုက်တယ်လို့ပဲ မှတ်ထားပါတယ်)။သုတေသနပြုရာတွင် ဘက်လိုက်ခြင်းဆိုတာကို အလွယ်ပြောရရင် သုတေသီဟာ သူလိုချင်တဲ့ အဖြေကိုရဖို့အတွက် စနစ်တကျ အမှားပြုလုပ်တာကို ဆိုလိုပါတယ်။ဒီနေရာမှာ တမင်သက်သက် ပြုလပ်တာ ဖြစ်နိုင်သလို၊ မသိလို့ ပြုတာလည်းဖြစ်နိုင်ပါတယ်။သုတေသနဆိုင်ရာ ဘက်လိုက်မှု (Research Bias) များကို ခွဲခြမ်းစိတ်ဖြာတဲ့အခါမှာတော့၁။ ဘက်လိုက်တည်ဆောက်မှု

eHealth LaoeHealth Lao

#eHealth#Lao ehealth နှင့်ပတ်သက်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက သတ်မှတ်ထားတဲ့ Toolkit ဆိုတာရှိပါတယ်။ အဲ့ဒါကိုတော့ နောက်မှရေးသားပါမယ်။လတ်တလော လာအိုနိုင်ငံရဲ့ ehealth Architecture ကို ရေးသားချင်ပါတယ်။eHealth လုပ်ငန်းစဉ်မှာ အောက်ဖော်ပြပါ အပိုင်းကဏ္ဍတွေ အနည်းဆုံးတော့ပါဝင်ရပါမယ်။၁။အီလက်ထရောနစ် ဆေးမှတ်တမ်း( EMR)၂။အီလက်ထရောနစ် ကျန်းမာရေးမှတ်တမ်း ( EHR) ၃။ ပုဂ္ဂလိက ကျန်းမာရေးမှတ်တမ်း (PHR)၄။ အဝေးရောက်ဆေးကုသမှုလုပ်ငန်း (telemedicine)၅။ မိုဘိုင်းကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း

သုတေသီ၏ရှုထောင့်သုတေသီ၏ရှုထောင့်

#Research_Methodology သုတေသီ၏ရှုထောင့် သုတေသီတစ်ဦးသည် အတွင်းလူအဖြစ်ပါဝင်သလား အပြင်လူအဖြစ် ပါဝင်သလားဆိုသည့် ကိစ္စရပ်သည်လည်း သုတေသီ၏ရှုထောင့်အား များစွာ သက်ရောက်စေသည်။ သုတေသီ၏ရှုထောင့်သည် ဒသနိကဆိုင်ရာ subJective and Objective ရှုထောင့်များအပြင် အဆိုပါ သုတေသီသည် မည်သည့်နေရာမှ ပါဝင်သနည်းဆိုသည်ကိုလည်း သိရှိရမည်။ အထူးသဖြင့် လုပ်ငန်းခွင်ဆိုင်ရာ သုတေသနလုပ်ငန်းများတွင် သက်ရောက်မှုပိုမိုသည်။ အတွင်းလူဆိုရာတွင် တဝက်တပျက် အတွင်းလူများ ပါဝင်သကဲ့သို့ အပြင်လူဆိုရာတွင်လည်း